(22.12.2020) ရက်နေ့တွင် IOM နှင့် SCVG တို့ပူးပေါင်းသော တွဲလက်စီမံကိန်းမှ ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် ကျွမ်းကျင်မှုကို အခြေခံသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ စာရင်းရေး၊ စာရင်းကိုင်သင်တန်း သင်တန်းကို အွန်လိုင်းမှတဆင့် ထပ်မံဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်း၊ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း International Organization for Migration – IOM မှ တွဲလက်စီမံကိန်းမန်နေဂျာ Ms. Suren Undraa နှင့် အဖွဲ့ဝင်များ၊ Social Care Volunteer Group (SCVG) အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ကိုအောင်လင်းကြည်၊ စီမံကိန်းမန်နေဂျာ ကိုရဲလင်းအောင်နှင့် အဖွဲ့ဝင်များ၊ Honorable Youth Winners Co., Ltd. မှ ဒေါက်တာ ဌေးယဉ်ဝင်းနှင့် သင်တန်းဆရာမများ၊ စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြသည့် Wisdom House English and Computer Training Center မှ ဒေါ်ခင်မာမြင့်၊ Magic Eye Computer Co., Ltd. မှ ဦးဇော်မျိုးအောင်၊ SLT IT မှ ဦးဇော်မင်းစိုး၊ ကောင်းမွန်မှ ဦးစောရန်နိုင်နှင့် သင်တန်းသူ/ သား (၄၀) ဦးတို့ တက်ရောက်ခဲ့ကြပါတယ်။
“ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် နိုင်ငံတစ်နိုင်ငံမှာရှိတဲ့ လူသားအရင်းအမြစ်သည် အရေးပါလှကြောင်းနှင့် လူသားများ၏ အရည်အသွေးမြင့်လေလေ တိုင်းပြည်ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုဟာ မြင့်မားလေလေဖြစ်ပါတယ်”
ဦးဇော်မင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့
သင်တန်းသားများအနေဖြင့်လည်း ကြိုးစားသင်ယူပါရန်နှင့် သက်ဆိုင်ရာ လုပ်ငန်းရှင်များအနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများကို ကြိုးစားဖန်တီးပေးပါရန် ပြောကြားခဲ့ပါသည်။
“ စီမံချက်အမည်ဖြစ်သော “ တွဲလက်” စီမံချက်ဆိုသည့်အတိုင်း အစိုးရအဖွဲ့များ၊ပုဂ္ဂလိက လုပ်ငန်းရှင်များ နှင့် အရပ်ဖက်အဖွဲ့အစည်းများ တညီတညွတ်၊ ပူးပေါင်းဆောင်ရွက်နေတဲ့ ပြယုဂ်ကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်းများရလဒ်ကို မျှော်မှန်းဖန်တီးကြရမှာဖြစ်ပါတယ်”
ဦးအောင်လင်းကြည်၊ အမှုဆောင်ဒါရိုက်တာ၊ Social Care Volunteer Group (SCVG)
သင်တန်းတွင် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၊ သရက်မြို့နယ်နှင့် ပခုက္ကူမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်နှင့် မိတ္ထီလာမြို့နယ်တို့မှ ရွှေ့ပြောင်းလုပ်ကိုင်ရန် စီစဉ်နေသူများ၊ နေရပ်ပြန်လာသူများ၊ ၎င်းတို့၏ မိသားစုဝင်များပါဝင်တက်ရောက်လျက်ရှိပါသည်။ ဤအစီအစဉ်ကို LIFT ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် IOM နှင့် SCVG အဖွဲ့တို့မှ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။