+95 (9) 43170034

"Youth for Youth, Youth for Community..."

ကျွမ်းကျင်မှုကို အခြေခံသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများကို စတင်ဖွင့်လှစ်

ကျွမ်းကျင်မှုကို အခြေခံသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများကို စတင်ဖွင့်လှစ်

December 29, 2020

သူနာပြုအကူသင်တန်းနှင့် မော်တော်ဆိုင်ကယ်ပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို အွန်လိုင်းမှတဆင့် ကျင်းပခဲ့

International Organization for Migration (IOM) နှင့် SCVG အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသော တွဲလက်စီမံကိန်းမှ ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် ကျွမ်းကျင်မှုကို အခြေခံသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။ (၁၆-၁၂-၂၀၂၀) ရက်နေ့တွင် သူနာပြုအကူသင်တန်းနှင့် မော်တော်ဆိုင်ကယ်ပြင် သင်တန်းဖွင့်ပွဲအခမ်းအနားကို အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုး၊ မကွေးတိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုလင်း၊ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (International Organization for Migration – IOM) မှ တွဲလက်စီမံကိန်းမန်နေဂျာ Ms. Suren Undraa နှင့် အဖွဲ့ဝင်များ၊ Social Care Volunteer Group (SCVG) အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ကိုအောင်လင်းကြည်၊ စီမံကိန်းမန်နေဂျာ ကိုရဲလင်းအောင်နှင့် အဖွဲ့ဝင်များ၊ Noble Lamp Technical Services Co., Ltd. မှ တာဝန်ခံ ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ တောင်သာမြို့ရှိ ဖိုးသားမော်တော်ဆိုင်ကယ်ပြင် အလုပ်ရုံမှ တာဝန်ခံ ဦးရာဇာစိုးနှင့် အဖွဲ့ဝင်များ၊ သူနာပြုအကူသင်တန်းမှ သင်တန်းသူ/ သား (၄၀) ဦးနှင့် မော်တော်ဆိုင်ကယ်ပြင် သင်တန်းမှ သင်တန်းသား (၃) ဦးတို့ တက်ရောက်ခဲ့ကြပါတယ်။

“အလုပ်အကိုင်ရှာဖွေရာမှာ ကျွမ်းကျင်မှု ပညာတစ်ခုခုရှိမှသာ သင့်တင့်လျောက်ပတ်တဲ့ လစာနဲ့ ကောင်းမွန်တဲ့ အလုပ်အကိုင်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို ကိုဗစ်ကာလ၊ သွားလာမှု အကန့်အသတ်ရှိနေတဲ့ ကာလအတွင်းမှာပဲ ဒီသင်တန်းကို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးတဲ့ တွဲလက်စီမံကိန်း၊ IOM, SCVG နှင့် သင်တန်းဆရာများကို အထူးကျေးဇူးတင်ရှိပါတယ်။ သင်တန်းသားများကလည်း မိမိတို့ရဲ့ ရည်မှန်းချက်ကို ပေါက်မြောက်အောင်မြင်စေရန် အခုလို (ကိုဗစ်)ကာလအတွင်းမှာ ထိုင်စောင့်မနေဘဲနဲ့ တတ်နိုင်သမျှ ရှေ့တိုးပြီး ခြေလှမ်း, လှမ်းနိုင်တာကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ်”

ဒေါ်အေးမွန်စိုး၊ ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန

သူနာပြုအကူသင်တန်းကို အွန်လိုင်းမှတဆင့် စာတွေ့ (၂)လ၊ လက်တွေ့နှင့် တတ်မြောက်မှု စစ်ဆေးခြင်း (၁) လ စုစုပေါင်း သင်တန်းကာလ (၃) လကြာမြှင့်မည်ဖြစ်သည့် Noble Lamp Technical Services Co., Ltd. မှ တာဝန်ယူ သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်။မော်တော်ဆိုင်ကယ်ပြင်သင်တန်းကို တောင်သာမြို့နယ်တွင် ဖိုးသားမော်တော်ဆိုင်ကယ်ပြင် အလုပ်ရုံမှ သင်တန်းသား (၃) ဦးဖြင့် အင်ဂျင်နှင့် wiring သင်ခန်းစာများကို စာတွေ့၊ လက်တွေ့ ပုံစံနှစ်မျိုးဖြင့် (၃) လကြာ သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်။

“ကိုဗစ်-၁၉ ကြောင့် နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားတွေနဲ့ သူတို့တွေရဲ့ မိသားစုဝင်တွေကို လျှပ်တပြတ်ဆန်းစစ်လေ့လာမှု (rapid assessment) တစ်ခုလုပ်ခဲ့ပါတယ်။ အဲ့ဒီလေ့လာမှု တစ်ခုမှာဆိုရင် “စွမ်းရည်မြှင့်တင်ရေးပိုင်းဆိုင်ရာ အထောက်အပံ့” နှင့် “အသေးစား စီးပွားရေး လုပ်ငန်းစတင်ဖို့အတွက် အထောက်အပံ့” ဟာဆိုလို့ရှိရင် ဖြေဆိုသူတော်တော်များများက တောင်းဆိုတဲ့ အရာနှစ်ခုပဲ ဖြစ်ပါတယ်။ အခုကိုဗစ်ကာလမှာဆိုရင်လည်း ရွှေ့ပြောင်းလုပ်သားများနဲ့ သူတို့ရဲ့ မိသားစုဝင်တွေဟာ ဒီကျွမ်းကျင်မှု ပညာတွေကို ပိုပြီးတော့မှ လိုအပ်ပါတယ်။ တကယ်လို့ ကိုဗစ်ပြီးတော့မှ ထပ်ပြီးတော့ သူတို့ ရွှေ့ပြောင်းသွားလာကြမယ်ဆိုရင်လည်း သူတို့မှ ကျွမ်းကျင်မှု အရည်အသွေးတစ်ခုခုကို ရရှိထားတယ်ဆိုရင် အလုပ်ရဖို့အတွက် ပိုပြီးသေချာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလိုအခက်အခဲအနေနဲ့ သွားလာခွင့် မရှိတဲ့ အချိန်မှာ SCVG အနေနဲ့ အခုလို စိန်ခေါ်မှုတွေ ကြားထဲက သင်တန်းတွေကို စီစဉ်ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူမိပါတယ်”

Ms. Suren Undraa, Twe Let Project Manager, IOM

သင်တန်းတွင် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၊ သရက်မြို့နယ်နှင့် ပခုက္ကူမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်နှင့် မိတ္ထီလာမြို့နယ်တို့မှ ရွှေ့ပြောင်းလုပ်ကိုင်ရန် စီစဉ်နေသူများ၊ နေရပ်ပြန်လာသူများ၊ ၎င်းတို့၏ မိသားစုဝင်များပါဝင်တက်ရောက်လျက်ရှိပါသည်။ဤအစီအစဉ်ကို LIFT ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် IOM နှင့် SCVG အဖွဲ့တို့မှ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

Spread the love